ရှက်စရာကောင်းတဲ့လုပ်ရပ်

“ဒေါ်အောင်ဆန်းစုကြည် ပြောတာက နိုင်ငံ ရေးပါတီမှတ်ပုံတင်ခြင်းဥပဒေမှာ ဖော်ပြတဲ့ အချက်တွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦး တယောက်အတွက်၊ ပုဂ္ဂိုလ်တဦးတယောက် အပေါ်မှာ ရေးဆွဲထားတဲ့ ဥပဒေလို့ လူတွေ ဒီလိုပဲ နားလည်မယ်တဲ့။ ဒါ ... တော်တော် မကောင်းတဲ့ အချက်ပဲတဲ့။ ဥပဒေဆိုတာ လူ တိုင်းအတွက် ရေးဆွဲရမှာတဲ့။ ပုဂ္ဂိုလ်တဦး တယောက်ကို ရည်ညွှန်းရေးဆွဲတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲတဲ့။ အဲဒီလိုပြောပါတယ်” (NLD ဦးဉာဏ်ဝင်း ခေတ်ပြိုင်သို့ ပြောကြားချက်)

Pages

Friday, June 27, 2014

See First

တစ်ခါက လင်မယားနှစ်ယောက်ရှိသတဲ့။ မနက်တိုင်း သူတို့ မနက်စာ စားရင်း ဘေးအိမ် ကို ပြတင်းပေါက်ကနေ ကြည့်ရင်း ဘေးအိမ်က အရမ်းညစ်ပတ်တာပဲ လို့ ပြောတတ်ကြတယ်။ တစ်နေ့ မနက်မှာတော့ ယောကျာင်္းက စောစောထပြီး သူတို့ပြတင်းမှန်တွေကို သေချာ သန့်ရှင်းရေးလုပ်လိုက်သတဲ့။ အမျိုးသမီးထလာပြီး မနက်စာ စားရင်း သူ့ယောကျာင်္းကို -ယောကျာင်္းရေ ဘေးအိမ်ကတော့ ငါတို့ အမြဲတမ်းပြောနေတာကို ကြားသွားပြီထင်တယ် ဒီနေ့ကျတော့ သန့်ရှင်းနေလို့ပါလား လို့ပြောလိုက်တယ်။ ဒါနဲ့ ယောကျာင်္းလုပ်တဲ့သူက -အင်း ကြားမကြားတော့ မသိဘူး. မနက်က အစ်ကို ပြတင်းပေါက်တွေကို သန့်ရှင်းရေး လုပ်ထားလိုက်တာပါ လို့ပြောလိုက်သတဲ့
ဒီလိုပါပဲ ကျွန်တော်တို့ အသက်တာမှာ ကိုယ့်မျက်ချေးကို မမြင်ဘဲ သူများကိုပဲ ကဲ့ရဲ့တတ်ကြတယ်။ ကိုယ့် အားနည်းချက်ကို မသိဘဲ သူများ အားနည်းချက်ကို ပုံကြီးချဲ့တတ်ကြတယ်။ 
ဒီကနေ့ကစပြီး ကိုယ့် ကိုကိုယ် အရင် ဆင်ခြင်ရအောင်၊ ကိုယ့်မျက်ချေးကို အရင်သုတ်ရအောင်၊ ကိုယ့်ရဲ့ပြတင်းတံခါးတွေကို အရင် သန့်ရှင်းရေးလုပ်ရအောင်လား သူငယ်ချင်းတို့..............

Friday, April 16, 2010

ရန်ကုန် ကန်တော်ကြီး ဗုံးပေါက်ကွဲ

ဧပြီ ၁၅၊ ၂၀၁၀  ပေါက်ကွဲမှုများ ဖြစ်ပွားအပြီး တွေ့ရသည့် မြင်ကွင်း (ဓာတ်ပုံများ - မိုးမခ)
ယနေ့ညနေ ၃နာရီဝန်းကျင် ကန်တော်ကြီး ကရ၀ိတ်အ၀င်ဝ သိမ်ဖြူကွင်းကားမောင်း လေ့ကျင့်ကွင်းကို မေးတင်ဆောက်လုပ်ထားသည့် စပါယ်ရှယ်ဝမ်း (အိတ်စ်တူးအို) မဏ္ဍပ်ရှေ့တွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲပြီး လူ၈ဦးထက်မနည်း သေဆုံးခဲ့သည်ဟု မျက်မြင် သက်သေများ၏ ပြောဆိုချက်အရ သိရသည်။
CNN ရုပ်မြင်သံကြား သတင်းတွင်မူ သေဆုံးသူ အနည်းဆုံး၂၀ ရှိသည်ဟု ဆေးရုံဝန်ထမ်းတဦးကို ကိုးကားပြီး ထုတ်လွှင့်သွားသည်။
အဆိုပါ အဖြစ်အပျက်ကို မြင်တွေ့လိုက်ရသူ အသက် ၅၅ အရွယ်ရှိ အမျိုးသားတဦးက` လူတွေ ၀ုန်းခနဲပြေးကြတော့ ဘာဖြစ်လဲလို့ အောက်မေ့တာ၊ နောက်တော့ ဗုံးပေါက်တာ တဲ့။ လူအုပ်ကြီးက ခြေဦးတည့်ရာ ထွက်ပြေးကြတာ၊ အဲဒီ မဏ္ဍပ်ရှေ့မှာ လူ ၇ယောက် ၈ယောက်လောက် မှောက်လျက် လဲနေတာ တွေ့လိုက်တယ်။ ကျွန်တော် ထင်တယ်။ အဲဒီလူတွေတော့ သေနိုင်တယ်လို့။ နောက် ကျွန်တော်တို့ ရပ်ကွက်ထဲက ရ၀တ တယောက် ဒဏ်ရာရပြီး ပြေးလာတာ ကယ်ပါဦးလို့ လှမ်းအကူအညီ တောင်းတယ်၊ သွေးတွေနဲ့ ကျွန်တော်လည်း ဘယ်လိုမှ မတတ်နိုင်ဘူး ၊ ဒီအတိုင်းပဲ ကြည့်နေလိုက်ရတာ´ဟု သူကိုယ်တိုင် ကြုံတွေ့ရသည့် အဖြစ်ကို ပြောပြသည်။
အခြား ရပ်ကွက်ခံ တဦးက ပြောရာတွင် မင်္ဂလာတောင်ညွှန့် မြို့နယ် မင်္ဂလာဈေးအနီး ရပ်ကွက်မှ ရ၀တ အဖွဲ့ဝင်များထဲမှာ အနည်းဆုံး ၂ဦး သေဆုံးကြောင်း၊ ၂ဦးကို အရေးပေါ် ဌာနသို့တင်ထားရပြီး အခြား၂ဦး ဒဏ်ရာ ရရှိသွားသည် ဟုဆိုသည်။
ယခုထိခိုက်မှုတွင် မဏ္ဍပ်မျက်နှာစာတွင် ရပ်နေသည့် လုံခြုံရေးများနှင့် ကြည့်ရှုနေသူများထဲမှ ထိခိုက် ဒဏ်ရာရသူများသည်ဟု ပြောဆိုသည်။ ဗုံးကို သင်္ကြန် ရေလည်ခံ ကစားသည့် ကားပေါ်မှ ပစ်ချသွားသည်ဟု ပြောဆိုမှုများရှိသော်လည်း အဆိုပါ သတင်းကို အခြားသော အတည်ပြုချက်များ မရရှိပေ။
ပေါက်ကွဲမှု ဖြစ်ပွားပြီး မိနစ် အနည်းငယ်အကြာ ၃နာရီ ခွဲဝန်းကျင်တွင် ဒဏ်ရာရသူများကို တင်ဆောင်လာသည့် လိုက်ထရပ် ကားတစီး၊ ကိုယ်ပိုင်ကား၂စီး၊ ၃စီးကို သိမ်ဖြူလမ်းအတိုင်း မောင်းဆင်းလာသည်ကို တွေ့ရပြီး အဆိုပါမဏ္ဍပ်ရှေု့တွင်မှု ပြန့်ကျဲနေသည့် ဖိနပ်များ၊ သွေးကွက်များကို တွေ့ရပြီး ရဲများနှင့် လုံခြုံရေး အရာရှိများက ပေကြိုးဖြင့် တိုင်းထွာခြင်းများ ပြုလုပ်နေသည်ကို မြင်တွေ့ရသည်။
ရေကစားသူများနှင့် မိဘများက ၄င်းတို့၏ မိသားစုဝင်များ ၊ သူငယ်ချင်းများကို ရှာဖွေရန် အဆိုပါ မဏ္ဍပ်အနီး တ၀ိုက်တွင် စောင့်ဆိုင်းလျက် ရှိနေကြသည်ကို တွေ့ရပြီး သားသမီးများအား ဘေးကင်းမှု ရှိမရှိ ဖုန်းဆက်ခြင်း လိုက်လံ စုံစမ်းလျက်ရှိသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
ကန်တော်ကြီး ပတ်လမ်း တ၀ိုက်မှ ရေကစားသူများမှာ အုပ်စုလိုက် လှည့်ပြန်ခြင်း အခြားသော နေရာများသို့ ထွက်ခွာသွားခြင်းများ ရှိသော်လည်း အနီးဆုံး ဒေါ်သိန်းတင်လမ်း နှင့် သိမ်ဖြူဈေး တ၀ိုက်၊ မြန်မာ့ဂုဏ်ရည်လမ်း တလျှောက်တွင် ရေပက်ခံသူများနှင့် ရေပက်သူများဖြင့် စည်ကားဆဲ ရှိသည်ကို တွေ့ရသည်။
ယခု ဗုံးပေါက်ကွဲမှုမှာ ၂၀၀၅ခုနှစ် မေလတွင် ဖြစ်ပွားသည့် ရန်ကုန် ကုန်သွယ်မှု ဗဟိုနှင့် အခြား စီးတီးမတ် ၂နေရာတပြိုင်နက် ပေါက်ကွဲမှု နောက်ပိုင်း လူ အသေအပျောက် အများဆုံး ဗုံးကွဲမှု ဖြစ်သည်။
မကြာခဏ ဗုံးကွဲမှုများ ရှိခဲ့သော်လည်း ယခုလို လူစည်ကားရာ တွင်ပေါက်ကွဲခြင်းမှာ ၂၀၀၅ ခုနှစ် မေလ ဗုံးကွဲမှုနောက်ပိုင်းတွင် ယခုတကြိမ်သည် ပထမဆုံးဖြစ်သည်။

Monday, April 5, 2010

ဦးလေး အမြည်းနော်

ရန်ကုန် ဆင်ခြေဖုံး ရပ်ကွက်တခုမှာ နေတဲ့ အသက် ၅၀ ကျော်အရွယ် ဦးလေးကြည်လို့ ခေါ်တဲ့ ဦးကြည်နဲ့ အသက် ၃၀ လောက် ရှိတဲ့ သက်နိုင် ဆိုတဲ့ တူအရီး နှစ်ယောက် ရှိတယ်။


ဦးလေးဖြစ်သူက စက်ချုပ်တဲ့ အလုပ်လုပ်ပြီးတော့ တူဖြစ်သူကတော့ ကျပန်း အလုပ်လုပ်ပါတယ်။

သူတို့ နှစ်ယောက်က အတူနေကြပေမယ့် သဘောထား အမြင်တွေတော့ မတူကြပါဘူး။ မကြာခဏ ငြင်းခုန် စကားများကြ ပါ တယ်။

အခုလည်း တူအရီး နှစ်ယောက် အရက်ဝိုင်းလေး ဖွဲ့မိနေကြပြန်ပါပြီ။

hartha_02042010 သက်နိုင်က သူ့အလုပ်က အပိုကြေးလေး ရလာလို့ ဦးလေး ဖြစ်သူကို အရက်ဖြူလေး နဲ့ ပြုစုမယ်စိတ်ကူးနဲ့ ဒီဝိုင်းလေးဖွဲ့တာပါ။

အရက်နဲ့ မြည်းဖို့လည်း နည်းနည်းနဲ့ ကျဲကျဲဝိုင်းဆိုသလို လက်ဖက်သုပ်(အဘိုးကြီးသုပ်)၊ ကန်စွန်းပလိန်း နဲ့ ကြက်ဥ ဟတ်ဖ်ရိုက် ကြော်လည်း စီစဉ်ထားပါသေးတယ်။

သက်နိုင်က အရက်ကို ဖန်ခွက် နှစ် ခွက်ထဲ ညီတူ မျှတူ ငှဲ့လိုက်ပြီးတော့ သူ့ဦးလေးကို စကား စလိုက်ပါတယ်။

“ကဲ ဦးလေးကြည် ချီးယားစ် ဗျာ၊ ကျနော့် ရှိတာလေးနဲ့ ဖြစ်သလိုပဲ စီစဉ်ရတာ ချလိုက်ရအောင်”

ဦးကြည်ကလည်း အရက်ခွက်ချင်းတိုက်လိုက်ကာ တကြိုက်တည်းမော့ချလိုက်ပြီး လက်ဖက်သုပ် ကို နှိုက်မြည်းလိုက်တယ်။ ပြီးတော့ သက်နိုင် ကိုလည်း ပြောလိုက်ပါတယ်။

“ကောင်းကွာ ၊ ရင်ထဲကို ပူဆင်းသွားတာပဲ၊ မင့်ရှိတာလေးလို့ ဆိုပေတဲ့ စေတနာသာ အဓိကပါကွာ”

အရက်ကဖြင့် သောက်ခါစပဲ ရှိသေး “စ လာပြီ” လို့ သက်နိုင်က တွေးလိုက်ပါတယ်။

ဘာဖြစ်လို့လည်း ဆိုတော့ ဦးကြည်က စာတိုပေစလေးကလည်း ဖတ်မှတ်လေ့လာ၊ အာဘောင်အာရင်း သန်သန်နဲ့ ပြောဆို ဆွေး နွေးတတ်တဲ့ ၀ါသနာလေးကလည်းပါ၊ စကားပြေားရင်လည်း တကယ့်ကို အသံကျယ်ကျယ် အာဘောင် အာရင်း သန်သန်နဲ့ ပြော တဲ့လူ။ အဲဒီလိုမျိုး လူ။ သက်နိုင်က တွေ့ဖူးကြုံဖူးတာများပြီမဟုတ်လား။ ဒါပေမယ့် သက်နိုင်က အလိုက်အထိုက် လုပ်လိုက်တယ်။

“ဟုတ်ကဲ့ ဦးလေးကြည်”

အဲဒီလို သက်နိုင်ဆီက လေးစားသမှု ပုံစံပြလိုက်ရင်ပဲ ဦးကြည်က အရက်ကို ကိုယ့်ဘာသာ ဖန်ခွက်ထဲ ငှဲ့ သောက်လိုက်၊ အမြည်း ကိုလည်း လက်နဲ့နှိုက်လိုက်လုပ်ရင်း အသံကျယ်ကျယ်နဲ့ စကားဆက်နေပါတော့တယ်။

“အေး စေတနာ ဆိုတာ တူသော အကျိုးပေးတယ်လို့ ဘုရား ဟောထဲမှာလည်း ပါတယ်မဟုတ်လားကွာ အေ့ ”

ဦးကြည်က အရှိန်ရလာလေပြီ။

“ဟုတ်ကဲ့”

“တဦးက စေတနာ တဦးက မေတ္တာ ဆိုတာလည်း ရှိတယ်မဟုတ်လား”

“ဟုတ်ကဲ့”

သက်နိုင်က အာရုံလွှဲချင်တဲ့ သဘောနဲ့ သူ့ ဖန်ခွက်ထဲ အရက် ငှဲ့ပေးလိုက်တာကို ဦးကြည်က လက်ကာပြီး ပြန်ပြောတယ်။

“ရပါတယ်ကွာ ၊ တော်ပြီလေ တော်ပြီ တော်ပြီ”

တော်ပြီသာ ဆိုတယ်၊ တကယ်တော့ ဦးကြည်လက်က ဖန်ခွက်ကို အုပ်လိုက်တာ မဟုတ်ဘူး၊ သူ့ လက်ဖ၀ါး နှစ်ဘက်ကို ရင်ဘတ်နားမှာ ကတ်ထားပြီးပြောနေတာ။

သောက်ရင်းစားရင်းနဲ့ အရက်လည်း တော်တော် ကုန်သွားပြီ။ အမြည်းတွေလည်း ကုန်တော့မယ်။ သက်နိုင်လည်း အရှိန်ရနေပြီ။

ဦးကြည်က ပုလင်းထဲက အရက်ကို ငှဲ့သောက်ရင်း အမြည်း ပန်းကန်ကို လက်လှမ်းလိုက်ပြန်ပါတယ်။

အဲဒီမှာ သက်နိုင်က ဦးကြည်ကို စပြောလာတယ်။

“ဦးလေး အမြည်း နော်”

“စားပါတယ် ငါ့ တူရ”

အဲဒီလို ဦးကြည်က သူ့ကို သက်နိုင်က အမြည်းမစားမှာ စိုးလို့ သတိပေးတယ်အထင်နဲ့ အမြည်းနှိုက်ဖို့ နောက်တခါ လက်လှုပ်ရှား တဲ့ အချိန်မှာ သက်နိုင်ကလည်း ထပ်ပြောတယ်။

“ဦးလေး အမြည်းနော်”

“စားပါတယ် ငါ့ တူရ”

ဒီလိုနဲ့ အမြည်းက ကုန်ခါနီးဆိုတော့ သက်နိုင်က ထပ်သတိပေးတယ်။

“ဦးလေး အမြည်းနော်”

ဦးကြည်ကလည်း သူ့ကို စားခိုင်းတယ်ထင်ပြီးတော့ စောစောက အတိုင်းပဲ ပြန်ပြောတယ်။

“စားပါတယ် ငါ့ တူရ”

နောက်ဆုံး သက်နိုင် မနေနိုင်တော့ဘူး။

သက်နိုင် ဒေါသ ပေါက်ကွဲပြီး စိတ်ဆိုးမန်ဆိုးနဲ့ ဦးကြည်ကို ပြောလိုက်တာကတော့ -

“ခင်ဗျား စားလွန်လွန်းလို့ ပြောနေတာ၊ အမြည်းက အဲဒါ အကုန်ပဲ မရှိတော့ဘူး”

အဲဒီမှာတင် ထုံးစံအတိုင်း တူအရီး နှစ်ယောက် စကားများပြီး အရက်ဝိုင်းလည်း ပျက်သွားပါတော့တယ်။

ကိုဒဲ့ဒိုး

Saturday, April 3, 2010

ချင်းလူ့အခွင့်အရေး ဓာတ်ပုံပြပွဲ ကျင်းပ

ချင်းလူမျိုးများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် ဒေသတွင်း အခြေအနေများကို ထင်ဟပ်စေမည့် ဓာတ်ပုံပြပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Chulalongkorn တက္ကသိုလ်၌ ပြသနေကြောင်း သိရသည်။

Chin-HR-Day-Gallery1Path of Perseverance: The Chin from Burma အမည်ဖြင့် ပုံကြီးပုံသေး စုစုပေါင်း ဓာတ်ပုံ ၉ဝ ကို ပြီးခဲ့သည့်လ ၁ဝ ရက်နေ့မှ စတင်၍ ယခုလ ၃ ရက်နေ့အထိ ပြသသွားမည်ဖြစ်ကာ၊ ထိုဓာတ်ပုံများကို အင်္ဂလန်နိုင်ငံသား ဓာတ်ပုံဆရာ Benny Menser က ကိုယ်တိုင်ရိုက်ကူး၍ ပြသခြင်း ဖြစ်သည်။

''စစ်တပ်ကနေ ချင်းတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်လို့ ပြည်ပထွက်နေရတယ်။ ကျနော် ချင်းပြည်နယ်၊ မလေးရှားနိုင်ငံ၊ နယူးဒေလီနဲ့ မီဇိုရမ်ကို သွားပြီး ချင်းလူမျိုးတွေရဲ့ ဒုက္ခသည် ဘဝရောက်ရတာ၊ မြန်မာနိုင်ငံမှာ ချင်းပြည်နယ်ဆိုတဲ့ ချင်းတိုင်းရင်းသားတွေ ရှိတယ်ဆိုတာ မသိသေးတဲ့ နိုင်ငံတွေ သိလာအောင် ချင်းတိုင်းရင်းသားတွေရဲ့ ဘဝကို ဖော်ပြလိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်'' ဟု မစ္စတာ Benny Menser က မဇ္ဈိမကို ပြောသည်။

Chin-HR-Day-Gallery2ပြသထားသည့် ဓာတ်ပုံများမှာ ပြီးခဲ့သည့် ၂ဝဝ၆-၂ဝဝ၉ ခုနှစ်အတွင်း ချင်းပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ ရိုးရာယဉ်ကျေးမှု၊ ဆင်းရဲဒုက္ခနှင့် အငတ်ဘေး ကြုံတွေ့နေရမှု စသည့် ဓာတ်ပုံများ ဖြစ်သည်။

Benny Menser က “ချင်းပြည်သူတွေရဲ့ ဝတ်စားဆင်ယဉ်ပုံ၊ ထမင်းချက်နေပုံ၊ အရွယ်မရောက်သေးတဲ့ကလေးငယ်တွေ တောင်ယာ အလုပ် လုပ်နေပုံနဲ့ တောင်ယာသွားနေပုံ၊ လူနေမှု အဆင့်အတန်း နိမ့်ကျနေပုံ၊ ရိုးရာဝတ်စုံပုံ၊ အမျိုးသမီးတွေ ရက်ကန်းရက်နေပုံ၊ အဆင့်အတန်းနိမ့်နေတဲ့ ကလေးငယ်တွေ၊ စစ်တပ်က ဖျက်ဆီးခဲ့တဲ့အိမ်ပုံ၊ ချင်းတိုင်းရင်းသားတွေကို ရိုက်နှက်ခဲ့တဲပုံနဲ့ စစ်တပ်က ပေါ်တာဆွဲနေရပုံ၊ ကိုယ့်အားကိုယ်ကိုး အလုပ်လုပ်ပုံ စသဖြင့် ပါတယ်” ဟု ပြောသည်။

ဓာတ်ပုံပြပွဲတွင် ပါဝင်ကူညီသူ ချင်းအမျိုးသမီးတဦးက “စဖွင့်ပြီးကတည်းက မြင်နေရတယ်။ ကြည့်လို့မဝ ဖြစ်နေတယ်။ ဓာတ်ပုံတွေ ကြည့်ရင်း မျက်ရည်ကျလာတယ်။ စိတ်ထိခိုက်တယ်၊ ညတောင် အိပ်လို့မရဘူး။ ကျနော်တို့ ချင်းတိုင်းရင်းသားတွေရဲ့ ဘဝက တကယ်စိတ်နာဖို့ ကောင်းတယ်” ဟု ပြောသည်။

Chin-HR-Day-Gallery3ဓာတ်ပုံပြပွဲကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နေ့စဉ် ဖွင့်လှစ်ထားပြီး စနေ၊ တနင်္ဂနွေနေ့များတွင် ရပ်နားသည်။ ပြပွဲသို့ ထိုင်းနိုင်ငံရောက် မြန်မာများ၊ အင်္ဂလန်၊ အမေရိကန် ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံသားများအပြင် ထိုင်းနိုင်ငံသားများ၊ ထိုင်းတက္ကသိုလ် ကျောင်းသူကျောင်းသားများ လာရောက်ကြည့်ရှုကြသည်။

ပြပွဲတွင် ကူညီနေသူ ချင်းအမျိုးသမီးက ''အခုလို ဒုက္ခရောက်နေတဲ့ ချင်းပြည်နယ်က ချင်းတိုင်းရင်းသားတွေကို အစိုးရက ဘာမှ လုပ်မပေးဘူးလား၊ အစိုးရက ဒုက္ခသည်ထောက်ပံကြေးတွေ မပေးဘူးလား၊ ချင်းပြည်သူတွေ အခုလက်ရှိ ဘာတွေနဲ့ အသက်ဝမ်းကြောင်းရှာလဲ၊ တကယ်သနားစရာ ဘဝတွေပါလားဆိုတဲ့ မေးခွန်းတွေ မေးတာများတယ်” ဟု ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ် အခြေစိုက် ချင်းအမျိုးသမီးများအဖွဲ့ချုပ် WLC ၊ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO တို့ ငွေကြေးအထောက်အပံ့ အပါအဝင်ဖြင့် ယခုဓာတ်ပုံပြပွဲကို ပြသခြင်း ဖြစ်သည်။

ဤအကြိမ်မှာ ၄ ကြိမ်မြောက်ဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်နှင့် မဲဆောက်၊ အမေရိကန် ဝါရှင်တန်တွင်လည်း ပြသခဲ့ပြီးဖြစ်သည်။ ယခုနှစ်အတွင်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌လည်း ပြသသွားဦးမည်ဖြစ်သည်။

(ဆလိုင်းထွန်းသတင်းပေးပို့သည်။)



အပစ်ရပ် မွန်ပြည်သစ်ပါတီ နယ်ခြားစောင့်တပ် ဖွဲ့မည်မဟုတ် click

စစ်အစိုးရ ရွေးကောက်ပွဲ အားလုံးပါဝင်ခွင့်ရှိဖို့၊ ထိုင်းနဲ့ ပြင်သစ် ထပ်မံတိုက်တွန်း click

မြန်မာ့အရေးကို ထိုင်းက ဖိအားပေးမည် click

အန်အယ်လ်ဒီ ရှေ့အလားအလာများ ဥပေဒေကြောင်းအရေ ဆွေးနွေး click

လူမှုရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်ရန် NLD လျာထား click

NLD ဆုံးဖြတ်ချက် မှားယွင်းနိုင် click

ရွေးကောက်ပွဲဥပဒေတချို့ ပြင်ဆင်ပေးဖို့ ၈၈ ကျောင်းသားများ တောင်းဆို click

၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းတချို့ တိုင်းရင်းသားအဖွဲ့တခုနဲ့ မဟာမိတ်အဖွဲ့ click

နိုင်ငံရေးပါတီတချို့ ရွေးကောက်ပွဲအတွက် မဟာမိတ်ဖွဲ့မည် click

မြေယာအသိမ်းခံရမှုတွေ စုံစမ်းပေးဖို့ အိုင်အယ်လ်အိုကို မေတ္တာရပ်ခံ click

မြစ်ဝကျွန်းပေါ် ဆန်စပါး ထုတ်လုပ်မှုကျဆင်း click

ရေ မီး မှန်မှန်မရတဲ့အပေါ် အိမ်ထောင်ရှင် မြန်မာအမျိုးသမီးတွေရဲ့ ရင်ဖွင့်သံ
click

ဗိုလ်အောင်ကျော် ဆိပ်ကမ်း ဦးပိုင်သို့လွှဲ click

မြန်မာ့မီးရထားလုပ်ငန်းတချို့ ပုဂ္ဂလိကသို့ လွှဲပြောင်းမည် click

မောင်းသူမဲ့လေယာဉ် စီမံကိန်းအတွက် အင်ဂျင်နီယာ မရှိ click

ထိုင်းနိုင်ငံက မြန်မာစစ်အစိုးရကို ဖိအားပေးမည် click

ကော်မရှင် ဥက္ကဋ္ဌကို ဥရောပသမဂ္ဂ နာမည်ပျက်စာရင်းသွင်း click

ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ဖို့ နိုင်ငံတကာ ပါလီမန်အမတ်များသမဂ္ဂ တိုက်တွန်း click

အဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းစဉ် လျာထားချက် click

ရွေးကောက်ပွဲ ထောက်ခံမှုရဖို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးဖို့လို click

အဖွဲ့ချုပ် မုန်တိုင်းကော်မတီက သောက်ရေရရှိရေး ဆက်လက်ကူညီ click

အမေရိကန်တို့ ကျင့်သုံးလာနိုင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ် click

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နေပြည်တော် ရောက်ရှိ click

နယ်ခြားစောင့်တပ် (၂) တပ် ထပ်မံပေါ်ပေါက် click

ရွေးကောက်ပွဲ မှတ်ပုံတင်ရန် ရတခတိုင်းမှူးမှ မွန်ပြည်သစ်ပါတီကို တိုက်တွန်း click

မတ်လအတွင်း ရခိုင်နိုင်ငံရေးပါတီ တပါတီမှ မှတ်ပုံတင်ခြင်းမရှိသေး click

ရွာသားများကို ဒီကေဘီအေတပ်သားများက ရိုက်နှက် click

DKBA ခေါင်းဆောင် ခမ်းနားသော အိမ်သစ်တက်ပွဲ ကျင်းပ click

ဟိုတယ်လုပ်ငန်းရှင်များ ရွေးကောက်ပွဲဝင်ကြရန် ဝန်ကြီး တိုက်တွန်း click

တရားမ၀င် သစ်ခိုးထုတ်မှု နအဖစစ်ဗျူဟာမှူး တိုက်ရိုက်ပတ်သကclick

ကြံ့ဖွံ့အဖွဲ့ မဲရရန် လမ်းခင်းပေးလျက်ရှိ click

အမေရိကန်၏ ဒု-လုံခြုံရေးတာဝန်ခံက မယ်လဒုက္ခသည်စခန်းကို လေ့လာ click

ရန်ကုန်တွင် မီးပြီးတော့ ရေပြဿနာ ပေါ်ပြန် click

ရွှေလီရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ် ပုံမှန်မပေးနိုင် click

စည်ပင်မှ စွန့်ပစ် ကြွပ်ကြွပ်အိတ်များသာ ၀ယ်ယူနေရ
click

ရန်ကုန်တွင် ဆိုးဆိုးရွားရွား မီးပြတ် click



Thursday, April 1, 2010

ဗကသ ဇော်ဝင်း

ကျနော် မကြာခဏ သတိရ လွမ်းဆွတ်မိသူတွေထဲမှာ ဗကသဇော်ဝင်းလို့ ကျောင်းသား လှုပ်ရှားမှုသမိုင်းမှာ နာမည်ကျော်တဲ့ ကိုဇော်ဝင်းလဲပါဝင်ပါတယ်။ သူက ရန်ကုန်တက္ကသိုလ်၊ ကျနော်က မန္တလေးတက္ကသိုလ်ဆိုတော့ ကျောင်းနေဖက်မဟုတ်ပါဘူး။ “ငယ်ပေါင်း” မဟုတ် “ကြီးဖေါ်” ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တက္ကသိုလ်ရောက်လို့ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ဒွေးရောယှက်တင် ဖြစ်လာတဲ့အခါ “ဇော်ဝင်း” ဆိုတဲ့ နာမည်က မကြားမဖြစ် ကြားလာရပါတယ်။ ကျနော်က တကသ အမှုဆောင်ထဲသာ ပါဖူးပြီး ဗကသ အမှုဆောင်ထဲမှာ မပါဘူးလို့ သူနဲ့ စောစောစီးစီး မရင်းနှီးခဲ့ရဘူး။

ကိုဇော်ဝင်းက မန္တလေးတို့ မြင်းခြံတို့ကို ဗကသကိစ္စတွေနဲ့ လာဖူးတယ်။ ကျနော့်အပေါင်းအသင်းတွေက ဗကသ၊ တကသ တွေ ဆိုတော့ သူတို့ကတဆင့် ဗကသဇော်ဝင်း ဆိုတဲ့နာမည်ကို နားယဉ်နေခဲ့ပါတယ်။ ဖြတ်သွားဖြတ်လာနဲ့ ကြုံဖူးဆုံဖူးကြတယ်။ မိုးတိုးမတ်တတ်ပါပဲ။

တနေ့တော့ သူ မန္တလေးကို လာတယ်လို့ ကြားရတယ်။ ကျနော်တို့ မန္တလေးတက္ကသိုလ် ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုစောလွင်အိမ်မှာ တည်းခိုနေသတဲ့။

မြင်းခြံသား ဗကသ - တကသ ခေါင်းဆောင် ကိုအောင်သူက ကျနော့်ကို ၀င်ခေါ်တယ်။

“ကိုဇော်ဝင်းဆီ သွားရအောင်” တဲ့။

ကျနော်က “မလိုက်တော့ဘူးဗျာ” လို့ ငြင်းလိုက်တယ်။

“သူက မေးနေတယ် … မြင်းခြံက ကိုဝင်းဖေလေးရော …” လို့။

“တော်ပါဘီဗျာ ရန်ကုန်မှာရော၊ မြင်းခြံမှာရော၊ မန္တလေးမှာရော ဆုံဖူးပါတယ်။ အားလုံးပေါင်း လေးကြိမ်တောင်မှ မိတ်ဆက်ပေးဖူးတယ်၊ သူ့စာအုပ်ကလေးထဲမှာလဲ ရေးတယ်၊ ပြန်တွေ့တိုင်း မမှတ်မိဘူး။ ခုလဲ မလိုက်ချင်တော့ဘူး …” လို့ ပြောပြီး တမင်ငြင်းလိုက်ပါတယ်။

နောက်တော့ သူ ကျနော့်ကို မမေ့တော့ပါဘူး။ တွေ့ရာအရပ်မှာ သူကပဲ ဦးအောင် နှုတ်ဆက်ပါတယ်။ ခု သူ မန္တလေးကို လာတာကလဲ ကျောင်းသားအရေး ဟုတ်ဟန်မတူဘူးလို့ နောက်ကျမှ စဉ်းစားကြည့်မိတယ်။ ကိုယ်တော်ချောက ရွှေမန်းသူတဦးနဲ့ ချိတ်မိနေတာကိုး။ သေချာစုံစမ်းမိတော့ အဲ့ဒီရွှေမန်းသူဆိုတာလဲ တခြားမဟုတ် ပန်းချီကိုဝင်းဖေ၊ ကိုပေါ်ဦးသက်နဲ့ ကျနော်

တက်ခဲ့တဲ့ မန္တလေး အမှတ် (၁) အစိုးရအထက်တန်းကျောင်းသူဟောင်းတဲ့။ ကျနော်တို့ အရင် တက္ကသိုလ်ရောက်သွားသူပါ။ နောက်တော့ အဲ့ဒီရွှေမန်းသူနဲ့ပဲ အိမ်ထောင်ကျပါတယ်။

မခင်ခင်အေး တဲ့။

ပညာရေးတက္ကသိုလ်တက်နေရင်းက ကျောင်းသားသမဂ္ဂထဲပါသွားပြီး၊ အိုးဝေမဂ္ဂဇင်းတို့၊ တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းတို့မှာ (၁၉၅၉ - ၆၀) တာဝန်ယူ လုပ်ဆောင်ရသူ တဦးဖြစ်လာပါတယ်။ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေအဖြစ် ခုအထိ လူသိများတဲ့ ကိုလှရွှေတို့၊ ကိုဗဆွေတို့နဲ့ ခေတ်ပြိုင်ပေါ့။ ကိုဇော်ဝင်းနဲ့ အိမ်ထောင်ကျတဲ့အခါ ရန်ကုန်က (ဒဂုန် အထက(၁) မှာပဲ ထင်တယ်) ကျောင်းကြီးတကျောင်းမှာ ဆရာမအဖြစ်နဲ့ အမှုထမ်းနေပြီး၊ မန္တလေးကို မပြန်တော့ပါဘူး။

နေတဲ့တိုက်ခန်းကတော့ စမ်းချောင်းထဲက ဝေဠုဝန်တိုက်ခန်းမှာပါ။ သူ့သားသမီးတွေ ဆရာဝန်တွေ ဘာတွေဖြစ်ပြီး လူလားမြောက်ကုန်ကြတဲ့အခါ ကိုဇော်ဝင်းမရှိရှာတော့ပါဘူး။ ရှစ်လေးလုံးအရေးတော်ပုံ မတိုင်ခင်မှာပဲ ကွယ်လွန်ခဲ့ပါပြီ။ အသည်းကင်ဆာနဲ့ပါ။ ဆေးပြင်းလိပ်သောက်လို့ ထင်ပါတယ်။

ဗကသဥက္ကဋ္ဌအဖြစ် သူ့ကို ကျနော်စသိခဲ့ပါတယ်။ ၁၉၅၄ - ၅၅ ဗကသအတွင်းရေးမှုးတဲ့။ ၁၉၅ ၇ - ၆၀ မှာ ဗကသဥက္ကဋ္ဌတဲ့။ ဥက္ကဋ္ဌ အဖြစ် သုံးနှစ်ပါ။ မူလ ဗကသ မဟုတ်တော့ဘဲ နောက်မှပြန်ဖွဲ့တဲ့ “ဗကသများအဖွဲချုပ်” ရဲ့ ဥက္ကဋ္ဌပါ။ မူလဗကသက ကျောင်းသားတွေတောခိုလို့ မတရားအသင်းဖြစ်သွားခဲ့ပါပြီ။ သူ တာဝန်ယူတဲ့ ၁၉၅၄ ခုနှစ်မှာ ကျနော်က မန်းတကသ မှာပါ။ ၀င်လှုပ်ရှားတဲ့နှစ်တွေပါပဲ။ အဲ့ဒီတုန်းက နှီးနှောဖလှယ်ပေါင်းစုံ … ။ ပညာရေးနှီးနှောဖလှယ်ပွဲ၊ တက္ကသိုလ် ငွေရတုပွဲ၊ မန်းတက္ကသိုလ်အကြိုပွဲ … စသဖြင့် တက္ကသိုလ်သမဂ္ဂချင်း အပြန်အလှန် ဖိတ်ခေါ် တွေ့ဆုံကြတဲ့ပွဲတွေ များပါတယ်။

တကသအမှုဆောင်တွေ အချင်းချင်း တွေ့ဖူး ဆုံဖူးကြပြီး၊ အချင်းချင်း “ရဲဘော်” လို့ ခေါ်ကြပါတယ်။ ကိုဇော်ဝင်းကို ကျနော်တို့က “ရဲဘော်ဇော်ဝင်း” လို့ ခေါ်ရတာပေါ့။

ဗကသအဖွဲ့ချူပ် ဆိုပေမဲ့ တကသမှာပဲ ဆုံကြပါတယ်။ ဒီတကသနဲ့ ဗကသ အမှုဆောင်တွေဟာ တခါတလေ ထပ်နေတတ်ပါတယ်။ ကိုဇော်ဝင်းတို့ ကျောင်းသားခေါင်းဆောင်ဖြစ်နေတဲ့ အချိန်မှာ အောက်တိုဘာကျောင်းတလပိတ်ရေး အရေးတော်ပုံ၊ သုံးခါကျကျောင်းထုတ်စနစ် တိုက်ပွဲ၊ သတ္တမတန်းမေးခွန်းပေါက်ကြားလို့ ဆန္ဒပြရာမှာ သတ္တမတန်းကျောင်းသားလေး ဟယ်ရီတန်ကျဆုံးသည်အထိ ဖြစ်ရတဲ့ ကျောင်းသားလှုပ်ရှားမှု၊ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှာမှု စတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ ပြင်းထန်ခဲ့ပါတယ်။

ဖဆပလအစိုးရက နိုင်ငံရေးသမားတွေကို ဖမ်းဆီးတဲ့အခါ ကျောင်းသားတွေကိုပါ ဖမ်းပါတယ်။ ဦးနုက စစ်တပ်လက်ထဲ (ဗိုလ်နေ၀င်းလက်ထဲ) အာဏာခေတ္တအပ်တာကိုလဲ ဆန့်ကျင်ခဲ့ပါတယ်။ ကျောင်းသားကြီးသုံးယောက် ကိုကိုးကျွန်းကိုပို့တဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပါသွားခဲ့ပါတယ်။ ကိုဇော်ဝင်းလဲ ၀ရမ်းထုတ်ခံရ၊ အဖမ်းခံရတဲ့ အထဲမှာ ပါခဲ့ပါတယ်။ ကိုဇော်ဝင်း၊ ကိုယု၊ ကိုဘကောင်းနဲ့ ကိုခင်အောင်တို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပုံ ဓါတ်ပုံတပုံတွေ့ဖူးပါတယ်။

ကိုဇော်ဝင်းက ဟင်္သာတ ဇလွန်ဘက်က တက္ကသိုလ်ဝင်တန်းအောင်ခဲ့သူ ဖြစ်ပါတယ်။ ဆရာဝန်ကြီးတယောက်ရဲ့သား ထင်ပါရဲ့။ သူ့ဖခင်က နောင်ချိုမှာလဲ အမှုထမ်းဖူးတယ်လို့ ဆိုပါတယ်။ လူပုံကတော့ ခပ်ပုပု ခပ်သေးသေးပါပဲ။ အသားခပ်လတ်လတ် နှာတံပေါ်ပေါ် မျက်လုံးပြူးပြူးနဲ့ လူချောတဦးပါပဲ။ တိုက်ပုံအင်္ကျီ အမြဲဝတ်လေ့ရှိတယ်။ ဆေးပြင်းလိပ်ကို လက်ကြားညှပ် ထားတတ်တယ်။ စကားဝိုင်းထဲမှာ ဆေးပြင်းလိပ်သောက်ရင် ကျနော်က ကန့်ကွက်လေ့ရှိပါတယ်။ သူကဆင်ခြင်ပါတယ် သည်းခံရှာပါတယ်။

ကိုဇော်ဝင်း အဖမ်းခံရပြီးလွတ်လာတော့ မန္တလေးမှာလာနေတယ်။ ၁၉၆၅ လောက်မှာ ထင်ပါတယ်။ မန္တလေးတက္ကသိုလ်မှာတော့ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း ရောက်နေပြီ။ ဒေါက်တာသန်းထွန်းက ၁၉၄၇ ခုနှစ် ဗကသ ဥက္ကဋ္ဌပါ။ ဥက္ကဋ္ဌ ကိုသန်းထွန်းနဲ့ တွဲလုပ်ခဲ့တဲ့ ကိုထွန်းညွန့်ဆိုတဲ့ ကျောင်းသားကြီးက ကိုဇော်ဝင်းရဲ့အကိုလို့ကြားဖူးပါတယ်။ (မေးမကြည့်ဖူးပါဘူး) ဘာပဲဖြစ်ဖြစ် ကိုဇော်ဝင်းဟာ ကိုသန်းထွန်းတို့ကို ဆက်ခံသူ ဖြစ်လာခဲ့ဖူးတော့ ဒေါက်တာသန်းထွန်းဖြစ်လာတဲ့ ကိုသန်းထွန်းနဲ့ ကိုဇော်ဝင်းတို့ဟာ ညီအကိုအရင်းလို ရင်းနှီးပါတယ်။

ကျနော်ကလဲ ဒေါက်တာသန်းထွန်းကို ကြည်ညိုရင်းစွဲရှိလို့ မြန်မာနိုင်ငံသမိုင်းဘာသာကို ပြောင်းယူပြီး တက္ကသိုလ်မှာ ညနေသင်တန်းကို ပြန်တက်ပါတယ်။(ကျနော်အရင်က ယူထားတာက ဘူမိဗေဒ၊ ဓါတုဗေဒ၊ ပထ၀ီဘာသာတွဲပါ) ကျနော်ကျောင်းတက်နေတော့ သူလဲရောက်လာပြီး၊ သူပါ မြန်မာနိုင်ငံသမိုင်းနဲ့ စာမေးပွဲဖြေချင်တယ်လို့ ကျနော်နဲ့တိုင်ပင်တယ်။ ဒီတော့မှ သူလဲ ဘွဲ့မရသေးတဲ့ သက်တော်ရှည်ကျောင်းသားကြီးမှန်းသိရပါတယ်။

သူက အနည်းဆုံး ကျနော့်အရင် ၃-၄ နှစ်စောပြီး တက္ကသိုလ်ရောက်ခဲ့လို့ပဲ ၁၉၅၄ ခုနှစ် (ကျနော် မန္တလေး အထက(၁) မှာ ကျောင်းတက်နေတဲ့ နှစ်မှာ) ဗကသအတွင်းရေးမှုးအဖြစ် အရွေးခံခဲ့ရတာ မဟုတ်လား။

ကျနော်တို့ နှစ်ယောက် ၀ိဇ္ဇာနောက်ဆုံးနှစ်ကို အတူဖြေဖို့အတွက် မန္တလေးကျူံးအနောက်ဖက် ဘုရားနီ ဘုရားအတွင်းမှာ စာအတူကျက်ခဲ့ကြပါတယ်။ ၁၉၆၆-၆၇ ခုနှစ်မှာ လူထုသတင်းစာတိုက်ကို အပိတ်ခံရတယ်။ အလွတ်ကျောင်းတွေကို ၁၉၆၅ ခုနှစ်မှာ ပြည်သူသူပိုင်သိမ်းတယ်။ ကျနော်နဲ့ တင်မိုး အလွတ်ကျောင်းဆရာ အတူလုပ်ရင်းက ပြည်သူပိုင်သိမ်း အစိုးရကျောင်းဆရာ ဖြစ်ခဲ့ရပါပြီ။ ကျနော်က ရွှေဘိုခရိုင် တန့်ဆည်မြို့ကို အထက်တန်းဆရာအဖြစ်နဲ့ အပြောင်းခံရတယ်။ တင်မိုးကို ဆရာမင်းသုဝဏ်က ရန်ကုန်တက္ကသိုလ် ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေးဌါနမှာ စာပြုအဖြစ် အလုပ်လုပ်ဖို့ ခေါ်သွားပါတယ်။ ကိုဇော်ဝင်းကတော့ ရန်ကုန် အခြေခံပညာဦးစီးဌါန ပညာရေးသုတေသနဗျူရိုမှာ သုတေသနအရာရှိ (သမိုင်း) အဖြစ် အမှုထမ်းနေတယ်လို့ ကြားရပါတယ်။ အဲ့ဒီဌါနမှာ တကသ အမှုဆောင်အဖြစ် ထင်ရှားခဲ့တဲ့ ရွှေဘိုဘက်က ရှိန်းမကားဇာတိ ကိုဘကောင်းလဲ ရှိနေသတဲ့။ ကိုဘကောင်း၊ ကိုဇော်ဝင်း တို့နဲ့ တွဲခဲ့တဲ့ ဆရာဦးသန်းဦး(ကိုစိုးမင်း) က သူတို့ အထက်အရာရှိ ဖြစ်နေပါတယ်။

အဲ့ဒီတုန်းက ပညာရေးဝန်ကြီးဖြစ်သူက ဒေါက်တာညီညီပါ။ ဘူမိဗေဒပါမောက္ခဟောင်းပါ။ ဒေါက်တာညီညီကလဲ ဒေါက်တာသန်းထွန်းတို့နဲ့ ပါဝင်ဆက်စပ်ခဲ့သူဖြစ်ပါတယ်။ သူ့ခေတ်မှာ ကိုစိုးသိန်း၊ ကိုလှဝင်း၊ ကိုဘကောင်း၊ ကိုဇော်ဝင်း၊ ကိုတင်ထွတ်၊ ကိုခင်မောင်အုန်း အစရှိ ကျောင်းသားခေါင်းဆောင်တွေ အတော်များများဟာ ပညာရေးဌါနတွေမှာ အရာရှိတွေ ဖြစ်လာခဲ့ပါတယ်။ ဒေါက်တာညီညီကအစ အားလုံးဟာ လက်ဝဲ၀ါဒစွဲရှိတဲ့ ကျောင်းသားကြီးတွေလို့ နာမည်ကြီးခဲ့ပါတယ်။

လွတ်လပ်ရေးမရခင် (၁၉၄၇) မှာ ဒေါက်တာသန်းထွန်း ဗကသ ဥက္ကဋ္ဌဖြစ်တော့ “ငါ ကွန်မြူနစ်” လို့ ဗြောင်ကြေညာခဲ့ဖူးသတဲ့။ ကျော်အောင်၊ မြသန်းတင့်၊ အောင်လင်းတို့ တက္ကသိုလ်ရောက်တဲ့နှစ်ကျတော့ ပုခုက္ကူကြည်တင်က တကသရွေးကောက်ပွဲမှာ “အလံနီကြည်တင်” လို့ အခန်းမှာ စာရေးထားတယ် ဆိုပါတယ်။ ဒေါက်တာညီညီကတော့ မတ်က်စ်ဝါဒလေ့လာရေးအဖွဲ့ ဖွဲ့ခဲ့တယ်လို့ ကြားလိုက်မိဖူးပါတယ် သမိုင်းမှာ ကွန်မြူနစ်ဆိုတာကို “မြေမြှုတ်”နေတဲ့ ခေတ်ဖြစ်နေလို့ ဒါတွေ ဖုံးဖိထားခဲ့ရပါတယ်။ တနေ့တော့ ပြန်ပေါ်မှာပါပဲ။

ကိုဇော်ဝင်းတို့ဟာ ၁၉၅၈ အိမ်စောင့်အစိုးရလက်ထက်ကစပြီး စစ်အစိုးရကို ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။ မဆလခေတ် (စစ်အစိုးရ) မှာ သူတို့ဝင်လုပ်တော့ ဒီလူတွေဖေါက်ကုန်ကြပြီ ပြောတဲ့လူတွေက ပြောကြပါတယ်။ ခုထိပြောဆဲပါ။ ကျနော်ကတော့ အဲဒီလိုမမြင်ရက်ပါ။ လုပ်လို့မရ၊ လုပ်လဲ မလုပ်နိုင်လို့ ရပ်လိုက်တာဖြစ်ပြီး၊ “ပြည်သူ” ကိုတော့ သစ္စဖေါက်မဲ့သူတွေ မဟုတ်ဘူးလို့ပဲ မြင်ပါတယ်။

မဆလစစ်တပ်ပါတီ ၀င်ပြီးဒူးတုတ် အညံ့ခံရင်း အခွင့်ထူးယူသွားသူများကိုသာ စိတ်ကွက်မိပါတယ်။ တကယ်တော့ ကျနော်တို့လဲ ပြည်သူပိုင်သိမ်းခံ အစိုးရ၀န်ထမ်း ဖြစ်လာတာပဲ မဟုတ်လား။ တခြားထွက်ပေါက်ကတော့ လက်နက်ကိုင်ပုန်ကန်ဖို့ပဲ ရှိတော့မယ် ထင်ပါတယ်။

ကျနော် “ပြည် ရွှေဘိုမြို့တော်မြောက် ချောင်းပေါက်လို့ မကူးနိုင်” ဆိုတဲ့အရပ်ကို ရောက်နေတော့ “မဆလအပိုအလုပ်တွေ” မလုပ်ပါဘူး။ ပါတီမ၀င်ဘူး။ သူတို့က ၀န်ထမ်းကို ကျွန်လို့ပဲ အောက်မေ့သူတွေပါ။ စစ်တပ်က ၀ယ်ထားတဲ့ ငွေဝယ်ကျွန်တွေလို ခံယူထားတာပါ။

အထူးသဖြင့် လက်ဝဲပျက် ဆိုရှယ်နီများက ပိုဆိုးပြီး ရှောင်တောင်တောင်လုပ်သူတွေကို သူတို့လိုပဲ အမြီးပြတ်အောင် လိုက်လုပ်တာတွေ တွေ့ရပါတယ်။ “ရဲဘော်တို့ကို စေတနာထားလို့ပါ” တဲ့။

ကျနော်က အားရင် ပေပုရပိုက်ရှာတယ်။ ကောက်စိုက်သီချင်းတွေ စုပါတယ်။ ရန်ကုန်ကို ပညာရေးဌါနရဲ့ သင်တန်းတခုနဲ့ ကြုံတော့ ဆင်းသွားပါတယ်။ ပေပုရပိုက် ကောက်စိုက်သီချင်းတွေ ပိုက်သွားတယ်။

အဲ့ဒီကာလမှာ (၁၉၆ရ-၆၈) မှာ ဆရာမင်းသုဝဏ်ရဲ့ သပြေညိုအိမ်မှာ “ကဗျာဝပ်ရှော့”နဲ့ ကြုံတယ် ကဗျာဆရာတွေနဲ့ ဆုံရတယ်။ စာရေးဆရာကျော်အောင်နဲ့ တင်မိုးတို့က မင်းသုဝဏ်ရဲ့ ဌါနမှာ လူလိုတာဝင်လုပ်ဖို့ခေါ်တော့ ၀မ်းသာတယ်။

ဒါပေမဲ့ ဦးတင်အေး(ရှမ်းပြည်)က

“ခင်ဗျားတို့ နယ်မှာနေတာက ပိုပြီးအကျိုးရှိပါတယ်။ ဘာသာပြန်ဌါနမှာ ၀ါသနာမပါပဲ မလာချင်ပါနဲ့”

လို့ပြောပြီးငြင်းလိုက်ပါတယ်။ သူက ဆရာမင်းသုဝဏ်ရဲ့ဌါနမှာ လက်ထောက်ပါ ဆရာမင်းသုဝဏ်ကတော့ “ငါက မင်းတို့ကို အဖေါ်ရအောင်လို့ ခေါ်ချင်တာပါကွယ်” လို့ ၀မ်းပန်းတနည်းပြောရှာပါတယ်။

ဒီတော့ ကိုဇော်ဝင်း ၀င်လာပါတယ်။ သူတို့ဌါနမှာ ကျောင်းသုံးသမိုင်းပြုစုဖို့ အစီအစဉ်လုပ်နေတယ်။ ပညာတန်ဆောင်မဂ္ဂဇင်း အ-သုံးလုံးမဂ္ဂဇင်း ကိစ္စတွေလဲရှိတယ် ခင်ဗျားနဲ့ သိပ်ကိုက်တယ် … တဲ့။ သူက ကိုယ်ဖိရင်ဖိကြိုးစားရှာပါတယ်။ ၀န်ကြီးဒေါက်တာညီညီအထိ တက်ပြောရပါတယ်။ ကိုဇော်ဝင်းကတော့ သူတို့နေတဲ့ ဝေဠုဝန်တိုက်ခန်းမှာ အခန်းရအောင်အထိ ကြိုးစားပါတယ်။ လူပြောင်းလို့ရပေမဲ့ အခန်းပြောင်းလို့ မရပါဘူး အမရဆောင်မှာ “သမိုင်းသင်ရိုးအဖွဲ့” အမည်နဲ့ ရုံးခန်းဖွင့်ထားပေးပါတယ်။ အထက်တန်းပြဆရာတဦးရယ် အလယ်တန်းပြဆရာတဦးရယ် တွဲထားပါတယ်။ ကိုဇော်ဝင်း အတွင်းရေးမှုးလုပ်ပြီး ကျောင်းသုံးမြန်မာနိုင်ငံသမိုင်းစာအုပ်ကို ပြုစုရပါတယ်။ မဆလပါတီရဲ့ လက်အောက်ခံ အဖွဲ့အမျိုးမျိုးက ၀င်ပြီး ကြီးကြပ်ပါတယ်။

ဒီအချိန်မှာ ပညာရေး သုတေသနဗျူရိုက ဦးစီးတဲ့ စာမတတ်သူ ပပျောက်ရေးလုပ်ငန်းဟာ အထူးအောင်မြင်လာပြီး ယူနက်စကိုကပေးတဲ့ “မိုဟာမက်ရေဇာပါလဗီ” ဆုကိုရရှိလိုက်ပါတယ်။ ကိုဇော်ဝင်းတို့လို ဗကသ၊ တကသ၊ အတွေ့အကြုံရှိသူတွေရဲ့ ဦးဆောင်စည်းရုံးရေး ကောင်းမှုကြောင့် တက္ကသိုလ်ကျောင်းသားတွေ တပြုံလုံး အုံကြွပါဝင်လာခဲ့ကြပါတယ်။ ကျောင်းသားတွေဟာ ကျေးလက်က မိဘပြည်သူတွေရဲ့ ရင်ခွင်ကိုခိုလှုံခွင့်ရသွားကြပြီး ပြည်သူ့ဘ၀ကို ထိတွေ့နားလည်လာကြပါတယ်။ လုပ်ငန်းတွေ စခန်းသိမ်းပေမဲ့ ကျောင်းသားတွေရဲ့ စိတ်အားထက်သန်မှုက စခန်းသိမ်းလို့ မရပါဘူး။ ဒါနဲ့ သုတေသနဗျူရို(ပြည်လမ်း)ဘေးမှာ တဲထိုးပြီး စခန်းဖွင့်ပေးထားရပါတယ်။ မဆလက လူထုလှုပ်ရှားမှု တကယ်အောင်မြင်လာတာကို သဘောတွေ့ပုံ မရပါဘူး။

တက္ကသိုလ်ကျောင်းသားတွေရဲ့ အ-သုံးလုံးစခန်းမှာ ကိုဇော်ဝင်းအမြဲရှိပါတယ်။ သူကတယောက်ချင်းကို လေးလေးစားစား ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဆက်ဆံပြောဆို ကူညီပါတယ်။ ဗိုလ်ရဲထွတ်ရဲ့သား ဗိုလ်ကျောဇောရဲ့သား (ချွေးမလောင်း အဲ့ဒီရုံးမှာ ရှိတယ်)။ ပြည်သူရဲဘော် ဗိုလ်ညိုမှိုင်းရဲ့သား၊ လက်သီးပုန်းသခင်ဗတင် သမီးနှစ်ယောက် စသဖြင့် နိုင်ငံကျော်တွေရဲ့ သားသမီးတွေလဲ ရှိပါတယ်။ သူတို့ မိဘတွေရဲ့“သွေး”ပါလို့ ပြည့်သူ့ “အကျိုး” ဆိုတဲ့ စေတနာ ထက်ထက်သန်သန် ပါဝင်ဟန်ရှိပါတယ်။ နောက်ပြီး သူတို့အားလုံးဟာ စာပေအနူပည်ာတွေမှာ အ ထူးစိတ်ဝင်စားကြ ၀ါသနာပါကြပါတယ်။ တင်မိုး၊ မောင်သာနိုး၊ မောင်စွမ်းရည်တို့နဲ့လဲ လုံးလားထွေးလားဖြစ်လာပါတယ်။

ကိုဇော်ဝင်းရဲ့ “ရဲဘော်” တွေထဲမှာ ကျူရှင်ဆရာတွေ ကျောင်းဆရာတွေလဲ မနည်းဘူး။ ဒါကြောင့် ကျနော်ရော အဲ့ဒီကျောင်းသားတွေပါ ကျူရှင်ဆရာဖြစ်ကုန်ကြပါတယ်။ သင်ရိုးအဖွဲ့တွေ အခြေခံပညာဦးစီးဌါနမှာ တကယ်ဖွဲ့ကြတော့ ကျနော်ကျန်ခဲ့ပြီး၊ ကြာမှ မြန်မာစာသင်ရိုးအဖွဲ့က ခေါ်ယူလိုက်ပါတယ်။ “သမိုင်း”မှာ မပါရတာ ကျနော်ကံကောင်းပါတယ်။ ကိုဇော်ဝင်းနဲ့တော့ မကွဲမကွာပါပဲ။

သူနဲ့ အသုံးလုံးအဖွဲ့သားတွေနဲ့ တရုန်းရုန်းပါပဲ။ သူကတိုးတိုး တိုးတိုးအေးအေး အေးအေးနဲ့ စကားပြောကောင်းတယ်။ ဒါ့ကြောင့် စည်းရုံးရေးသမားကောင်းအဖြစ် နယ်ကကျောင်းတွေကို ဘာသာရပ်ဟောပြောပွဲတွေကို ကိုဇော်ဝင်းက စီစဉ်ပါတယ်။ နာမည်ကျော်ပါတယ်။ မင်းသားကိုမြတ်လေး၊ စန္ဒယားချစ်ဆွေ ကိုလေးညွှန့်၊ ကိုမောင်မောင်ကြီး၊ မာမာအေးစတဲ့ တေးဂီတသမားတွေနဲ့လဲ အထူးရင်းနှီးတယ်။

အ-သုံးလုံးပို့စကဒ်ပေါ်က ကျနော့်ရဲ့ မဖြစ်စလောက်ကဗျာလေးကို မာမာအေး ဆိုစေပြီး အသံလွှင့်ဖူးတယ်။ မာမာအေးကလဲ တခြားအဆိုတော်လို ကိန်းကြီးခန်းကြီး မလုပ်တတ်ဘူး။ ငြိမ်းချမ်းရေးသီချင်း ကျောင်းသားသီချင်း အ-သုံးလုံးသီချင်းစတဲ့ လူထုစည်းရုံးရေးသီချင်းတွေကို ကိုမြတ်လေး ကိုဇော်ဝင်းတို့ အသိုင်းအ၀ိုင်းက အကူအညီတောင်းရင် မငြင်းရှာဘူး။ ကိုဇော်ဝင်းကလဲ အနုပညာသမားများ စာပေသမား စတာတွေကို အရေးတယူကူညီတတ်တယ်။

သူ ဘာတွေ တီးတတ်မှုတ်တတ်သလဲ ကျနော်မသိလိုက်ဘူး။ ဂီတနက်သန်ကိုစောငြိမ်းရဲ့ သီချင်းတွေကိုတော့ အထူးနှစ်သက်ပြီး “သစ္စာရှင်” “စိန်”စတဲ့ သီချင်းတွေကို ကွမ်းဝါးတဲ့ ပါးစပ်နဲ့ မကြာခဏ ဆိုညည်းလေ့ရှိတာကို ကြားဖူးပါတယ်။ (သူ့သမီးထွေးလေးရဲ့ အမည်“နီနီဇော်” ဆိုတာ တင်မိုးပေးတဲ့အမည်ပါ)။

သူနဲ့ကျနော်တို့ (တင်မိုးအပါအ၀င်) တွဲလုပ်ခဲ့တဲ့ နောက်ဆုံးအလုပ်ကတော့ “ပဲ့တင်သံ”ခေါ် စာမတတ်သူ ပပျောက်ရေး လှုပ်ရှားမှု အထိမ်းအမှတ်မဂ္ဂဇင်းပါ။ မဂ္ဂဇင်းပါ မဂ္ဂဇင်းအမည်ကို ဆရာမင်းသုဝဏ်က ပေးခဲ့ပြီး အ-သုံးလုံးဖတ်စာကိုလဲ ဆရာပဲပြုစုပေးပါတယ်။ “၀ ထ က လ သ” နည်းလို့ ခေါ်ပါတယ်။

ကိုဇော်ဝင်း ကျနော့်ကို မန္တလေးက ရန်ကုန်ကိုခေါ်ခဲ့တာက “ပညာလောက” ဆိုတဲ့ ပညာရေးမဂ္ဂဇင်းထုတ်ရာမှာ အယ်ဒီတာချူပ် သို့မဟုတ် အယ်ဒီတာအဖွဲ့ဝင်လုပ်ဖို့ ၀န်ကြီး ဒေါက်တာညီညီတို့ကို အကြောင်းပြခဲ့ပေမဲ့ ကျနော့်အနေနဲ့ တခါပဲ ရေးလိုက်ရဖူးပါတယ်။

သမိုင်းသင်ရိုးအဖွဲ့မှာ လုပ်ဖို့ဆိုတာလဲပါတယ် “ဆရာစွမ်း က မြန်မာနိုင်ငံသမိုင်းဘာသာရပ်နဲ့ ဘွဲ့ရသူ။ အမျိုးသားစာပေဆု(၁၉၆၄) ရဖူးသူ”လို့ အကြောင်းပြကောင်းခဲ့ပါတယ်၊ ဒါပေမဲ့ နှစ်နေရာလုံးမှာ ကျနော်မပါခဲ့ပါဘူး၊ ကျနော်ကလဲ ဒါတွေကို ၀ါသနာမပါဘူး။ ရန်ကုန်ရောက်ရင် ပြီးတာပဲလို့ သဘောထားပါတယ်၊ ဘာဖြစ်လို့လဲဆိုတာ ကိုဇော်ဝင်းကို ကျနော်မမေးခဲ့ပါဘူး။

အဲ့ဒီကိစ္စတွေနဲ့ မဆိုင်တဲ့ မြန်မာစာသင်ရိုးအဖွဲ့ကိုပဲ ရောက်သွားခဲ့ပါတယ်။ ဒါလဲ ကျနော် မလုပ်ချင်လို့ စာကြည့်တိုက်ဒီပလိုမာယူပြီး စာကြည့်တိုက်မှာပဲ ခိုလှုံနေလိုက်ပါတယ်။ “ကျွန်ခေတ်မှာ လူရာမ၀င်ချင်” ဆိုတဲ့ ဘကြီးမှိုင်းရဲ့ စကားအတိုင်းပါပဲ။ မဆလတွေ တိုက်ရိုက်ကြီးကြပ်တဲ့အဖွဲ့က ဝေးသွားတာပဲ ၀မ်းသာလှပါပြီ။

ခုတော့ သူအသည်းကင်ဆာနဲ့ ကွယ်လွန်ခဲ့တာကြာပြီ၊ စာပေ၀ါသနာကြီးခဲ့သူ ဖြစ်ပေမဲ့ သူ့လက်ရာ မှတ်မှတ်ရရ မကျန်ရစ်ရှာဘူး၊ ဒါပေမဲ့ ဗကသလှုပ်ရှားမှု သမိုင်းမှာတော့ သူ့အမည် မပါလို့ မဖြစ်။ ၁၉၅၄-၅၅မှာ ဗကသအတွင်းရေးမှုး။ ၁၉၅၆-၆၀မှာ ဗကသဥက္ကဋ္ဌပါ။ ကျနော့်အဖို့တော့ ညီအကိုလို ခင်မင်တဲ့ ရဲဘော်ကြီးပါ။ ဘာပဲဖြစ်ဖြစ် ကျနော့်သူငယ်ချင်းရင်းချာတဦးအဖြစ်နဲ့ အလွမ်းမှတ်တမ်းကိုတော့ ရေးလိုက်ရပါတယ်။ ဗုဒ္ဒဘာသာထုံးစံအရ ပြောရရင် ကိုဇော်ဝင်းဟာ သူတပါးကို ကူညီတတ်တဲ့ စိတ်ကောင်းစိတ်မြတ်ရှိသူတဦးအနေနဲ့ ကောင်းရာသုဂတိကို ရောက်ရှိနေပါလိမ့်မယ်လို့ ယုံကြည်ပါကြောင်း။

၂၀၁၀ ဖေဖေါ်ဝါရီ ၁၀