ရှက်စရာကောင်းတဲ့လုပ်ရပ်

“ဒေါ်အောင်ဆန်းစုကြည် ပြောတာက နိုင်ငံ ရေးပါတီမှတ်ပုံတင်ခြင်းဥပဒေမှာ ဖော်ပြတဲ့ အချက်တွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦး တယောက်အတွက်၊ ပုဂ္ဂိုလ်တဦးတယောက် အပေါ်မှာ ရေးဆွဲထားတဲ့ ဥပဒေလို့ လူတွေ ဒီလိုပဲ နားလည်မယ်တဲ့။ ဒါ ... တော်တော် မကောင်းတဲ့ အချက်ပဲတဲ့။ ဥပဒေဆိုတာ လူ တိုင်းအတွက် ရေးဆွဲရမှာတဲ့။ ပုဂ္ဂိုလ်တဦး တယောက်ကို ရည်ညွှန်းရေးဆွဲတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းတဲ့ လုပ်ရပ်ပဲတဲ့။ အဲဒီလိုပြောပါတယ်” (NLD ဦးဉာဏ်ဝင်း ခေတ်ပြိုင်သို့ ပြောကြားချက်)

Pages

Saturday, March 20, 2010

ပွဲစဉ် -၂ တွင် ဥဿာ ယူနိုက်တက်ကို ၁-၀ဂိုးဖြင့် အနိုင်ယူကာ ရတနာပုံ အက်ဖ်စီ ၃ မှတ် ရယူနိုင်ခဲ့

Saturday, 20 March 2010 18:37

ရတနာပုံ အက်ဖ်စီရဲ့ မြန်မာ နေရှင်နယ်လိဂ် ၂၀၁၀ ဒုတိယ ပွဲစဉ်ကို ၂၀၁၀ခုနှစ် မတ်လ ၂၀ရက်နေ့က မန္တလေးမြို့ ဗထူး အားကစား ကွင်းတွင် ပဲခူးတိုင်း ကိုယ်စားပြု ဥဿာ ယူနိုက်တက် အက်ဖ်စီနှင့် ယှဉ်ပြိုင် ကစားခဲ့ရာ အိမ်ရှင် ရတနာပုံ အသင်းက ဧည့်သည် ဥဿာ ယူနိုက်တက် အသင်းကို ၁-၀ဂိုးဖြင့် အနိုင်ရ သွားခဲ့သည်။

ရတနာပုံ အသင်းသည် ၀ါရင့် ကွင်းလယ် ကစားသမား ထွန်းထွန်းဝင်း၊ ပိုင်စိုးတို့ကိုပင် အရန် ကစားသမား အဖြစ် ထည့်သွင်းကာ အဖွင့်ပွဲတွင် ဒဏ်ရာ ရခဲ့သော ရန်ပိုင်၊ ကိုနေတို့ ပွဲထွက်ခဲ့သည်။ ဥဿာ ယူနိုက်တက် အသင်းတွင် မိုင်အိုက်နိုင်၊ ကျော်သက်ဦး၊ ဒီဂျာနယ်၊ မာစီယို စသည့် အမာခံ ကစားသမား အားလုံး ပွဲထွက်ပါဝင် ခဲ့ကြသည်။ ပွဲအစမှာပင် နှစ်သင်းလုံး အမြန် ကစားခဲ့ သောကြောင့် ပွဲက ကြည့်ကောင်းခဲ့ပြီး အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ကြသည်။ ပထမပိုင်း ၁၅မိနစ် အတွင်း နောက်တန်း ကစားသမားများ ခြေစွမ်း ပြနေသောကြောင့် ထိထိရောက် ကန်သွင်းခွင့် မရခဲ့ဘဲ ကွင်းလယ်တွင်သာ ကစားနေခဲ့သည်။

ပွဲချိန် ၁၆ မိနစ်တွင် ရတနာပုံ အသင်းက ဘယ်ခြမ်းမှ တိုက်စစ်ဆင် လာပြီး အောင်ခြမ်းမိုးမှ တဆင့် ရန်ပိုင်ဆီကို ဘောလုံးဖြတ်တင် ပေးလိုက်ရာ ရန်ပိုင်က ကိုနေ၏ ပြေးလမ်းကြောင်းထဲ ချပေးလိုက်သည်။ ကိုနေက ဥဿာ ယူနိုက်တက် နောက်ခံလူတွေ ကြားမှ ဆွဲထွက်ကာ အနီးကပ် ကန်သွင်းယူခဲ့ သောကြောင့် ရတနာပုံ အသင်း ဦးဆောင်ဂိုး ရခဲ့သည်။ ဥဿာ ယူနိုက်တက် အသင်းကလည်း ရံဖန်ရံခါ တိုက်စစ် ဆင်ခဲ့ပြီး ပွဲချိန် ၂၆ မိနစ်တွင် ညာကြောမှ မိုင်အိုက်နိုင်က ရတနာပုံ ဘယ်နောက်ခံလူ ချစ်စမ်းမောင်ကို ကျော်ကာ ကန်သွင်း သော်လည်း ယဉ်မင်းအောင် ဖမ်းမိခဲ့သည်။

ပွဲချိန် ၃၆ မိနစ်တွင် ရတနာပုံ ကစားသမား အောင်ကျော်မိုးကို အဖျက်ကြမ်း ခဲ့သော မာစီယို အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။ ပထမပိုင်း ပြီးရန် ၄မိနစ် အလို၌ ဘယ်ကြောမှ အဂျီမူ ဘောလုံး ဆွဲယူလာပြီး ရန်ပိုင်ဆီပေး၊ ရန်ပိုင်က ဘယ်အစွန်မှ ကွန်ပိုရီကို ချပေးလိုက်ရာ ကန်သွင်းသော်လည်း ကန်ချက် ပျော့သောကြောင့် ဂိုးသမား ဒီဂျာနယ် အသာအယာ ဖမ်းမိခဲ့သည်။ ပထမပိုင်း အပြီးတွင် ရတနာပုံက ၁-၀ဂိုးဖြင့် ဥဿာ ယူနိုက်တက်ကို ဦးဆောင် နေခဲ့သည်။



ဒုတိယပိုင်း ပြန်အစတွင် ရတနာပုံ အသင်းက ကြံ့ခိုင်မှု မပြည့်ဝသော ရန်ပိုင်ကို ထုတ်ကာ ရဲဇော်ထက်အောင်ကို ထည့်သွင်း ကစားခဲ့သည်။ ဥဿာ ယူနိုက်တက် အသင်းကလည်း ဒဏ်ရာ ရသွားသော ညီညီအောင် အစား ဟိန်းဇေယျာဝင်း ၀င်ရောက် ကစားခဲ့သည်။ ဥဿာ ယူနိုက်တက်က ချေပဂိုးရရန် ကစားအား တင်ကစား လာခဲ့သောကြောင့် ပွဲက ပို၍ အကြိတ်အနယ် ရှိခဲ့သည်။ ပွဲချိန် မိနစ် ၅၀တွင် မိုင်အိုက်နိုင်ကို အဂျီမူဂျွန် အဖျက် ကြမ်းခဲ့သောကြောင့် အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။ ၅၁မိနစ် အရောက်တွင် ရတနာပုံ အသင်းက ကွန်ပိုရီက ဒိုင်နှင့် နားလည်မှု လွဲခဲ့သောကြောင့် အ၀ါကတ် အပြခံခဲ့ရသည်။

ပွဲက ပို၍ အကြိတ်အနယ် ရှိခဲ့ပြီး တွန်းတွန်း တိုက်တိုက် ကစားလာခဲ့ သောကြောင့် မကြာခဏ ပြစ်ဒဏ်ဘောများ ပေးခဲ့ရသည်။ ပွဲချိန် ၅၈မိနစ်တွင် ရဲဇော်ထက်အောင်ကို အောက်ခြေမှ သိမ်းရိုက်ခဲ့သော အောင်မိုးကို ကွင်းလယ် ဒိုင်လူကြီး ဦးကိုကိုနိုင်က အ၀ါကတ်ပြ သတိပေးခဲ့သည်။ ၅၉မိနစ်တွင် မိုင်အိုက်နိုင် အဝေးမှ အမှတ်မထင် ကန်သွင်းချက် ကောင်းခဲ့သော်လည်း ဘေးထွက်ခဲ့သည်။ ပွဲချိန် မိနစ် ၆၀တွင် ရတနာပုံ အသင်းမှ အောင်ချမ်းမိုး အစား ထွန်းထွန်းဝင်း ၀င်ရောက် ကစားခဲ့သည်။ ရတနာပုံ အသင်း၏ ကစားပုံမှာ ပိုမို ကောင်းမွန်လာပြီး ဥဿာ ယူနိုက်တက်က ခံစစ်ဖြင့်သာ လိုက်ကစား နေခဲ့ရာ ပြစ်ဒဏ်ဘောများ မကြာခဏ ရခဲ့သည်။



ပွဲချိန် ၈၃မိနစ်တွင် ဥဿာယူနိုက်တက် အသင်းမှ မာစီယို အစား စန်းမင်း ၀င်ရောက် ကစားခဲ့သည်။ လူစားလဲမှု (၃)ကြိမ် ပြုလုပ်ပြီး သော်လည်း ဥဿာ ယူနိုက်တက်၏ တိုက်စစ်မှာ ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်း မရှိဘဲ ရတနာပုံ အသင်း၏ တောင်ပံ နှစ်ဖက် တိုက်စစ်က ပိုမို ကောင်းမွန် လာခဲ့သည်။ မိနစ် ၉၀ ပြည့်ခါနီးတွင် ဒိုင်လူကြီး ဦးကိုကိုနိုင်က ရဲဇော်ထက်အောင်အား ဟန်ဆောင် လှဲသည်ဟု ယူဆကာ အ၀ါကတ်ပြ ခဲ့သည်။ မိနစ် ၉၀ အပြီးတွင် ရတနာပုံက ဥဿာကို ၁-၀ဂိုးဖြင့် အနိုင်ရကာ (၃)မှတ်ရရှိ သွားခဲ့သည်။

ရတနာပုံ အသင်းသည် မတ်လ ၂၇ရက်နေ့တွင် မကွေး အက်ဖ်စီ အသင်းနှင့် MNL Grand Royal 2010 ပွဲစဉ်(၃) ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

ကွင်းလယ်ဒိုင်လူကြီး-ဦးကိုကိုနိုင်
စည်းကြပ်ဒိုင်(၁)-ဦးတင်ထွန်းလေး
စည်းကြပ်ဒိုင်(၂)-ဦးမျိုးမင်းဟန်
အရန်ဒိုင်လူကြီး-ဦးသန်းဦး

ရတနာပုံ အက်ဖ်စီ
မန်နေဂျာ-မစ္စတာရိုဟန်
နည်းပြချုပ်-ဦးဇော်လေးအောင်

ပါဝင် ကစားသူများ-ယဉ်မင်းအောင်(ဂိုး-၁)၊ ကိုနေ(၄)၊ကျော်ခိုင်ဝင်း(၅)၊ ခင်မောင်ထွန်း (အသင်း ခေါင်းဆောင်-၇)၊ ရန်ပိုင်(၉)၊ ပက်ထရစ် ဂနိုစီယမ်(၁၃)၊ ချစ်စမ်းမောင်(၁၅)၊ ကွန်ပိုရီ(၁၇)၊ အောင်ကျော်မိုး(၁၉)၊ အဂျီမူဂျွန်(၂၀)။ အောင်ချမ်းမိုး(၂၂)၊ အရန်ကစားသမားများ- ကျော်ဇေယျာမင်း(၆)၊ သက်နိုင်(၈)၊ ထွန်းထွန်းဝင်း(၁၀)၊ ပိုင်စိုး(၁၁)၊ ရဲဇော်ထက်အောင်(၁၄)၊ သက်ပိုင်စိုး(၁၈)၊ သူရကိုကို(ဂိုး-၂၅)။

ဥဿာယူနိုက်တက် အက်ဖ်စီ
မန်နေဂျာ-ဦးထွန်းထွန်းလင်း
နည်းပြ-မစ္စတာ စီဗာဂျီ

ပါဝင် ကစားသူများ-ဒီဂျာနယ်(ဂိုး-၁)၊ ညီညီအောင်(၂)၊ မျိုးဝင်းအောင်(၃)၊ ကျော်စိုးလွင်(၄)၊ ညီမောင်မောင်အောင်(၅)၊ ကျော်သက်ဦး(အသင်းခေါင်းဆောင်-၆)၊ မိုင်အိုက်နိုင်(၁၀)၊ အောင်မိုး(၁၅)၊ မာစီယို(၁၇)၊ ချစ်ကိုကို(၂၃)၊ အော့တူး(၃၂)။ အရန်ကစားသမားများ- ဟိန်းဇေယျာဝင်း(၉)၊ ကောင်းထွန်း(၁၂)၊ စန်းမင်း(၁၄)၊ မြင့်နိုင်(၁၆)၊ လှထွန်းအောင်(၁၉)၊ ရဲလင်းနိုင်(၂၉)၊ ကိုကိုအောင်(ဂိုး-၃၀)။

No comments:

Post a Comment